ပညာရဲရင့် ပွဲလယ်တင့်နိုင်ဖို့ဆိုတာ
ဒေါက်တာဓမ္မပိယ၊ ဇူလိုင် ၆၊ ၂၀၁၂
ကြယ်တွေစုံပြီလား
ယနေ့ မြန်မာနိုင်ငံတော်ကို နိုင်ငံတကာက လူအတော်များများ
စိတ်ဝင်စားလာနေခြင်းပါ။ ကမ္ဘာအရပ် ရပ်ရှိ နိုင်ငံခေါင်းဆောင်များနှင့်
နောက်လာနောက်ပါများ၊ စီးပွားရေးပညာရှင်များနှင့်
ရင်းနှီးမြှုပ်နှံလိုသူများ၊ ကမ္ဘာ့အဆင့်မီ ပညာရေးကျောင်းများ
ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာနေသူများပါမြန်မာနိုင်ငံသို့
ဝင်လာမစဲ တဖွဲဖွဲရှိနေခြင်းပါ။ ထူးထူးခြားခြား နိုင်ငံတကာမှ လူမျိုးတွေ
မြန်မာနိုင်ငံမှာ စုံညီနေတဲ့အချိန်လို့ပြောရမှာပါ။ အသိပညာရှင်များ၊
အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် ရင်းနှီးမျြုပ်နှံလိုသူများ
မြန်မာနိုင်ငံသို့ လာရောက်ကြခြင်းဟာ ကောင်းသောလာခြင်းလို့ ဆိုရမှာပါ။
သို့သော် ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနေဆဲ
ကာလဖြစ်လို့ သတိများလည်း ထားကြရမဲ့အချိန်အခါပါ ။ပြည်သူ၊
ပြည်သားများရဲ့မျိုးချစ်စိတ်၊ ဘာသာ၊ သာသနာမြတ်နိုးစိတ်များကို
ဆက်လက်ရှင်သန်ခိုင်မာရေးဟာ နိုင်ငံတိုး တက်လာသည့်နှင့်အမျှ အရေးတစ်ရေး
ဖြစ်လာကြောင်းကို သတိပြုနိုင်ကြဖို့ပါ။ ထိုအရေးအတွက် အရေးတကြီးပြုလုပ်ရန်
လိုအပ်လာတဲ့အရေးတစ်ခုမှာ ပညာရေးစနစ်ကို ပြန်လည်ဆန်းစစ်ကြဖို့ပါ။
ပညာရေးနှင့်စီးပွားရေး၊ ပညာရေးနှင့်နိုင်ငံရေး၊ ပညာရေးနှင့်လူမှုရေး
ဒီအရေးတွေဟာ ဘယ်လိုများ ဆက်စပ်နေပါလိမ့်။ စီးပွားရေးရှိရင် အခြားအရေးတွေဟာ
ဘယ်လောက်များ အရေးကြီးနိုင်တော့မှာလဲလို့ အထင်ရှိနေသူတွေလဲ
ရှိကောင်းရှိနေမှာပါ။
စိတ်ဓာတ်၊ စီးပွား၊ ပညာ …
အမျိုးသားရေးဆိုတာ
“ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး”ဆိုတဲ့ စိတ်ထားလေးဝင်နေရုံမျှနဲ့
လုံလောက်နိုင်တဲ့အရာမျိုးမဟုတ်ပါ။ လူမျိုးကြီးပွားစေချင်ရင် ထိုလူမျိုးရဲ့
ဘာသာ၊ သာသနာယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှုတွေကို အားနည်းမသွားရအောင်
ကာကွယ်စောင့်ရှောက်နိုင် သည်ထိပြုလုပ်ပေးကြရမှာ။ သို့မဟုတ်
စောင့်ရှောက်နိုင်စွမ်းရှိတဲ့ စိတ်ဓာတ်တွေကို မွေးမြူပေးထားကြရမှာပါ။
အမျိုးသားစိတ်ဓာတ်တော့ရှိပါရဲ့
လူမျိုးက ပညာမတတ်၊ ဥစ္စာမရှိဖြစ်နေခဲ့ရင်၊ သို့မဟုတ် ပညာတတ်တွေဖြစ်အောင်
ပညာရေးကို စနစ်တကျသင်ပေးထားတာမျိုး မရှိခဲ့ဘူးဆိုရင် “ခုတ်ရာတစ်ခြား၊
ပြတ်ရာတစ်ခြား” ဖြစ်သွားနိုင်ခြင်းပါ။
ပညာမတတ်တဲ့လူမျိုးဟာ
လမ်းမှားပေါ်ကိုရောက်ဖို့ လွယ်ကူနိုင်သလို၊ ပညာကို မတောက် တစ်ခေါက်မျှသာ
တတ်ထားတဲ့လူမျိုးဟာလည်း ကူးသန်းရောင်းဝယ်ရေးနှင့်စပ်တဲ့ ကမ္ဘာနှင့်နွယ်တဲ့
စီးပွားရေး ကဏ္ဍမျိုးတွေမှာကောက်သင်းကောက်ဘ၀မျိုးကိုသာ ပိုင်ဆိုင်ကြရမှာပါ။
ထို့ကြောင့်
မြန်မာနိုင်ငံတော်ကြီး တိုးတက်လာခဲ့ပြီဆိုရင် စီးပွားရေးဖက်မှာလည်း
ရင်းနှီးမြှုပ်နှံစွမ်းအားနည်းတဲ့လူမျိုး၊ ပညာရေးဖက်မှာလည်း
နိုင်ငံတကာအဆင့်မှီ ပညာရေးအဆင့်အတန်းများ အားနည်းနေသေးတဲ့လူမျိုးကို
အလုပ်အကိုင်အခွင့်လမ်းများ ပွင့်လန်းလာခဲ့ပြီဆိုရင် ဘယ်နေရာမျိုးမှာ
နေရာပေးနိုင်ကြမလဲဆိုတာ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။
အာဂုံဆောင်တိုင်းလည်း တတ်တာမဟုတ်
ခေတ်စနစ်နှင့်အညီ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကြီးပွားစေချင်ရင်
မြန်မာနိုင်ငံ၌ ကျင့်သုံးနေသော ပညာရေးစနစ်ကိုပြန်လည်ဆန်းစစ်ကြဖို့ပါ။
မြန်မာနိုင်ငံ၌ ကျင့်သုံးနေသော ပညာရေးစနစ်ဟာ အလွတ်
ကျက်မှတ်ရသောနည်းစနစ်မျိုးဖြစ်၍ စာသဘောကို ဥာဏ်သဘောနှင့်သက်ဝင်နိုင်ဖို့ထက်
အရကျက်မှတ်ရတဲ့ နည်းကို အလေးထားပြီး ကျင့်သုံနေခြင်းပါ။
စာပိုဒ်တစ်ပိုဒ်မှာပါတဲ့ စာသားအားလုံးကို “၏” “သည်” မလွဲ ကျက်မှတ်
နေရတဲ့နည်းပါ။ “အာဂုံရမှ အာဂလူ” ဆိုတဲ့ ဆိုရိုးစကားဟာ
မြန်မာနိုင်ငံရဲ့မူပိုင် ဆိုရိုးစကား တစ်ခုလို့ဆိုရမှာပါ။
အကျိုးသက်ရောက်မှုမှာ ရှိသင့်သလောက်ရှိသော်လည်း ကျက်မှတ်ရတာနဲ့စာလျှင်
အကျိုးရတာက အလွန်နည်းပြီး ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးများကို
ပိုမိုထုံးထိုင်းစေခြင်းပါ။
အနှစ်ချုပ်ပြောရလျှင်
စဉ်းစားတွေးခေါ်နိုင်တဲ့ဥာဏ်များကို နည်းပါးစေတဲ့ပညာရေးစနစ်မျိုးပါ။
ကျောင်းသား တစ်ယောက်ဟာမြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများကို
စာမေးပွဲဖြေဆိုဖို့အတွက် အလွတ်ကျက်မှတ်ကြရာမှာ – “ယိုးဒယားနိုင်ငံသည်
မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိပါသည်” ဟု ကျက်မှတ်ပြီး စာမေးပွဲကို
ဖြေဆိုအောင်မြင်ခဲ့ကြသော်လည်း စာကျက်မှတ်ခဲ့သော ထိုကလေးကိုပင်
သုံးလေးလကြာတဲ့အခါ ယိုဒယားနိုင်ငံဘယ်မှာရှိလဲ-လို့မေးခဲ့ရင်
“ယိုးဒယားနိုင်ငံ” ဘယ်အရပ်မှာရှိကြောင်း မသိတော့ခြင်းပါ။ ထို့ကြောင့်
မြန်မာနိုင်ငံ၌ ယခုလက်ရှိကျင့်သုံး နေသော ပညာရေးစနစ်ကို
ပြန်လည်းဆန်းစစ်နိုင်ကြဖို့ပါ။
စဉ်းစားဆင်ခြင်ခြင်း အကျင့်ပညာ
ခေတ်သစ်နိုင်ငံများ၌ စာသင်ကြားနည်းစနစ်တွေ
များစွာရှိကောင်းရှိနိုင်သော်လည်း ပညာရေးအဆင့် အတန်းများ
တိုးမြှင့်နိုင်ရန် အရေးကြီးသော အချက်တစ်ခုမှာ
“စဉ်းစားတွေးခေါ်နိုင်ခြင်းအတတ်ပညာ သို့မဟုတ် ခရက်တီကယ် သင့်ကင်း (Critical Thinking)” ကို ဗဟိုမဏ္ဍိုင်ပြု၍ ပညာရေးစနစ်ကို တည်ဆောက်နိုင်ဖို့ပါ။
ခရက်တီကယ်
သင့်ကင်းဆိုတာ ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားဆင်ခြင်ခြင်းမျိုးပါ။
အကြောင်းအကျိုး ဆီလျော်အောင် မျှမျှတတတွေးခ်ါစဉ်စားခြင်း၊ သို့မဟုတ်
ဘာသာရပ်အမျိုးမျိုး၊ပြဿနာအမျိုးမျိုးတွေကို စနစ်တကျ
စဉ်းစားတွေးခေါ်ခြင်းနှင့် စဉ်းစားသူရဲ့ အတွေးအခေါ်များကို တိုးတက်စေတဲ့
စဉ်းစားနည်းတစ်မျိုးပါ။
(Critical
thinking is that mode of thinking – about any subject, content, or
problem – in which the thinker improves the quality of his or her
thinking.)
အနောက်တိုင်းနိုင်ငံများမှာခရက်တီကယ်လ်
သင့်ကင်းကို ကျောင်းသင်ခန်းစာများနှင့် ပညာရေးနယ်ပယ်များမှာ
ဗဟိုမဏ္ဍိုင်ထားပြီး အသုံးပြုကြတဲ့အတွက် ကလေးငယ်များဟာ ငယ်ရွယ်စဉ်ကတည်းကမေးတတ်၊မြန်းတတ်တွေးခေါ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိနေခြင်းပါ။
မြန်မာနိုင်ငံမှာကော ကျောင်းသင်ခန်းစာများနှင့် ပညာရေးနယ်ပယ်များမှာ
ကလေးငယ်များကို ငယ်ရွယ်စဉ်ကတည်းကမေးတတ်၊မြန်းတတ်အောင်
အလေ့အကျင့်ကောင်းများရရှိနိုင်ရန် သင်ကြားပေးထားခြင်းမျိုး ရှိနေပါပြီလား။
ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင့်သုံးနေသော ခေတ်သစ်ပညာသင်ကြားနည်းစနည်းများကို
လေ့လာ ကြည့်လျှင် စနစ်အမျိုးအမျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ – (၁)
အပြန်အလှန် မေးခွန်းထုတ်စေ၍ သင်ကြားခြင်း၊ (၂) ပရိုဂျက်များ (Project) ပြုလုပ်ခိုင်း၍ သင်ကြားခြင်း၊ (၃) အကြောင်းအရာ အချက် အလက်များကို ဒစ်စကတ်ရှင်း (Disscussion)
ပြုလုပ်၍ သင်ကြားခြင်း (4) ဆီမီနာများပြုလုပ်၍ သင်ကြားခြင်း (၅)
လိုအပ်သောဘာသာရပ်များအတွက် ခရီးထွက်၍ဖြစ်စေ၊ လုပ်ငန်းခွင်များသို့
သွားရောက်၍ဖြစ်စေ သင်ကြားလေ့လာတဲ့ နည်းစနစ်များပါဝင်နေတဲ့
သင်ကြားနည်းမျိုးပါ။
ထိုစနစ်များကို ဆန်းစစ်ကြည့်လျှင်
ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံများ၌ ပညာသင်ကြားနေတဲ့
မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးစနစ်ကို
လေ့လာကြည့်ရှုတဲ့အခါ “၏” “သည်”မလွဲ အလွတ်ကျက်မှတ်ရသောနည်းကို အသုံးမပြုပဲ
ကလေးများအား စာကိုပျော်ပျော်ပါးပါး သင်ကြားရတဲ့ နည်းစနစ်မျိုးကို
ကျင့်သုံးနေခြင်းပါ။
ဥပမာ၊
သူငယ်တန်းအရွယ် ကလေးငယ်များအား ရုပ်ပုံလေးများကို ပေးထားပြီး၊
ထိုရုပ်ပုံ၌ပါရှိသော သတ္တ၀ါကောင်နှင့် လိုက်ဖက်ညီသောအရောင်ကို
ဆေးချယ်စေခြင်း၊ ပုံကိုကြည့်၍ သတ္တ၀ါကောင်၏အမျိုးအမည်များကို
သင်ကြားပေးခြင်းစတဲ့ နည်းစနစ်မျိုးပါ။ မူလတန်းအရွယ် ကျောင်းသား၊
ကျောင်းသူငယ်များကိုမူ အချင်းအချင်း အပြန်အလှန် မေးခွန်း ထုတ်စေ၍
သင်ကြားခြင်းမျိုးပါ။ ဥပမာ၊ အာရှမြေပုံ၊ သို့မဟုတ် ကမ္ဘာ့မြေပုံကို
စာပွဲမှာချ၍ “တရုပ်နိုင်ငံ ဘယ်မှာရှိလဲ” “အမေရိကန်နိုင်ငံ ဘယ်မှာလဲ”
စသည်ဖြင့်မြေပုံကိုကြည့်၍ အဖြေကိုရှာစေခြင်းစသည့် သင်ကြားနည်းမျိုးပါ။
ကလေးများဟာမြေပုံနှင့်ဆော့ကစားရင်း ကမ္ဘာ့ပထ၀ီအနေအထားများကို သင်ကြား
တတ်မြောက်သွားခြင်းပါ။ စာလုံးပေါင်းသတ်ပုံ အပြန်အလှန်မေးခြင်း၊
သင်္ချာတွက်ကစားခြင်း – စသည်နည်းများဖြင့်လည်း သင်ကြားနည်း စနစ်ကို
ဖြည့်စွက်ထားခြင်းပါ။
စီမံကိန်းကို သင်ကြားခြင်း
အလယ်တန်းအရွယ် ကျောင်းသား၊ ကျောင်းသူများကို ငယ်ရွယ်စဉ်ကတည်းက
ခေါင်းဆောင်စိတ် ဓာတ်တွေ တိုးပွားလာအောင် အုပ်စုဖွဲ့၍ ကျောင်းတွင်း၊
ကျောင်းပြင် သန့်ရှင်းရေးစသည့် စီမံကိန်းများ သို့မဟုတ် ပရိုဂျက်များ (Project ဆိုတာ
အုပ်စုဖွဲ့၍ ကန့်သတ်ထားသောအချိန်အတွင်း ပြီးမြောက်အောင် လုပ်ရ
ခြင်းမျိုးပြုပါပြုလုပ်ပေး၍ အုပ်စုဖြင့် စုပေါင်းပြုလုပ်ခြင်းမျိုးပါ။
ပရိုဂျက်ပြီးဆုံးတဲ့အခါ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး
အတွေ့အကြုံများကို အဖွဲ့လိုက် သို့မဟုတ် အဖွဲ့ရဲ့ကိုယ်စား တစ်ဦးတစ်ယောက်က
အတန်းရှေ့သို့ ထွက်ပြီး အတန်းသားများအား မိမိတို့၏အတွေ့အကြုံများကို
ရဲရဲရင့်ရင့် ရှင်းလင်းတင်ပြရခြင်းပါ။
သုတေသနကို သင်ကြားခြင်း
နောက်တစ်မျိုး
သင်ကြားနည်းကား သုတေသနနှင့်ဆိုင်သော ပရိုဂျက်များပြုလုပ်စေ၍
သင်ကြားခြင်းမျိုးပါ။ ဥပမာ၊ တောင်နှင့်မြောက် အမေရိကန်ပြည်တွင်းစစ်
စတင်ဖြစ်ပွားရာပြည်နယ်၊ (မြေပုံနှင့်တကွ ရှင်းလင်းတင်ပြခြင်း)။ပြည်တွင်း
စစ်ကြီး၌ အဓိကပါဝင်သော ခေါင်းဆောင်များနှင့် ပြည်တွင်းစစ်ကြီး
ပြီးဆုံးသွားပုံ၊ (အကြောင်းအချက်အလက် များနှင့်တကွ ရှင်းလင်းတင်ပြခြင်း)၊
စစ်ပွဲကြီးအပြီး အမေရိကန်နိုင်ငံရဲ့အခြေအနေဆိုးများကို သုတေသန ပြုလုပ်၍
သမိုင်းပညာရပ်ကို အုပ်စုဖွဲ့၍ တပျော်တပါး သင်ကြားနည်းမျိုးပါ။ ဤကဲ့သို့သော
ခေတ်သစ်ပညာ သင်ကြားနည်းစနစ်များသည် အချိန်တိုတိုနှင့် တတ်လွယ်ခြင်း၊
သင်ခန်းစာများကို သက်ဆုံးတိုင် မှတ်မိနိုင်ခြင်း၊ သင်ခန်းစာ၌ ကျောင်းသား၊
ကျောင်းသူများ ပျော်ရွင်ခြင်းစသော အကျိုးများကို ရရှိခံစားနိုင်ခြင်းပါ။
ဆွေးနွေးတိုင်ပင်ရေးကို သင်ကြားခြင်း
အကြောင်းအရာ အချက်အလက်များကို ဒစ်စကတ်ရှင်း (Disscusion)
ပြုလုပ်၍ သင်ကြားနည်းမျိုး ဆိုတာ တက်(က်စ်)ဘု(က်)စာအုပ် သို့မဟုတ်
ပြဋ္ဌာန်းစာအုပ်ကို ဖတ်၍သော်လည်းကောင်း၊ သတင်းစာ သို့မဟုတ်
ဂျာနယ်စာစောင်တစ်စောင်စောင်ကို ဖတ်၍လည်းကောင်း အခန်းကဏ္ဍအလိုက် သို့မဟုတ်
အကြောင်းအရာအလိုက် အတန်းသားများ ပါဝင်ဆွေးနွေးရခြင်းမျိုးပါ။
ဥပမာ၊
မြန်မာနိုင်ငံနှင့် တွင်းထွက် သယံဇာတများ၊ ထိုသယံဇာတများ၏တန်ဖိုး၊
ထိုသယံဇာတများမှရရှိသော အခွန်ဘဏ္ဍာများကို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊
တိုင်းပြည်လုံခြုံရေး-စသည်တို့အတွက် မည်၍မည်မျှ သုံးစွဲသင့်သည် စသည်ဖြင့်
ကလေးများ၏ သဘောထားအမြင်များကို ဘာသာရပ်ကို ကျောရိုးပြု၍
ဆွေးနွေးခြင်းမျိုးပါ။ ထိုသို့ပြုလုပ် ပေးခြင်းဖြင့် ဘာသာရပ်ဆိုင်ရာ
အကြောင်းအရာများကို အလွတ်မကျက်မှတ်ရပဲ မှတ်မိသွားခြင်း၊ အချက်အလက်များကို
စာမေးပွဲဖြေဆိုရာ၌ ခြုံမိ၊ ငုံမိအောင်ဖြေဆိုတတ်ခြင်း၊ အတွေးအခေါ်များ
တိုးတက်လာခြင်း-စသည့် အကျိုးများကို မလွဲမသွေ ရရှိနိုင်ခြင်းပါ။
တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များကို “ကျွဲကူးရေပါ” တပါတည်း
မွေးထုတ်နေခြင်းမျိုးပါ။
ပို့ချ တင်ဆက်ရေးကို သင်ကြားခြင်း
အထက်တန်းအဆင့်သို့ ရောက်လာပြီဆိုတဲ့အခါမှာ ရံဖန်ရံခါ
ဆီမီနာများပြုလုပ်ပေးပြီး သင်ကြား ပေးခြင်းမျိုးပါ။
ကျောင်းတွေမှာပြုလုပ်ပေးတဲ့ ဆီမီနာမျိုးဆိုတာ အတန်းထဲမှာရှိတဲ့
ကျောင်းသားများစုပေါင်းပြီး ဘာသာရပ်တစ်ခုအကြောင်း ဆွေးနွေးခြင်း သို့မဟုတ်
သင်ယူခြင်းမျိုးပါ။
(Seminar: a class in which a small group of students meet to study or talk about a particular subject.)
ထို့ကြောင့်ကျောင်းသားများကိုပြုလုပ်ပေးတဲ့ဆီမီနာဆိုလို့
ကြီးကြီးကျယ်ကျယ်ပြုလုပ်ပေးခြင်းမျိုးမဟုတ်ပဲ၊ ရံဖန်ရံခါမှာ
အတန်းသားတိုင်း ပါဝင်နိုင်တဲ့ ဆီမီနာမျိုး၊ ရံခါရံခါ မိဘဆရာများ
ပါဝင်နိုင်တဲ့ဆီမီနာမျိုးတွေပါ။ ဒီဆီမီနာတွေမှ ရရှိနိုင်တဲ့
အကျိုးကျေးဇူးများမှာ ဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်ခြင်း၊
တစ်ယောက်နှင့်တစ်ယောက် အတွေးခြင်း၊ အမြင်ခြင်းမတူနိုင်ခြင်းကို
နားလည်ပေးနိုင်ခြင်း၊ စကားပြောစွမ်းရည်များ ထက်မြက်လာခြင်း၊ ငယ်ငယ်ကြီးကြီး
အရွယ်စုံနှင့် စကားပြောနိုင်စွမ်းရှိလာခြင်း စသောအကျိုးများကို
ရရှိလာနိုင်ခြင်းပါ။ မြန်မာနိုင်ငံမှာရှိနေတဲ့ အထက်တန်းကျောင်းများ၊
တက္ကသိုလ်ကျောင်းများ၌ ဤကဲ့သို့သော ကျောင်းတွင်း ဆီမီနာများကို
ပြုလုပ်ပေးနိုင်ကြပါပြီလား။
လက်တွေ့နယ်ပယ်ကို သင်ကြားခြင်း
အနောက်တိုင်းတက္ကသိုလ်ကြီးမှာ လိုအပ်သောဘာသာရပ်များအတွက် ခရီးထွက်၍ဖြစ်စေ၊
လုပ်ငန်းခွင် များသို့ သွားရောက်၍ဖြစ်စေ သင်ကြားလေ့လာနည်းကိုလည်း
အသုံးပြုနေခြင်းပါ။ ဥပမာ၊ ဂျီသြလိုဂျီ (Geology)
ဘာသာရပ်မျိုးကို လေ့လာသင်ကြားရတဲ့အခါစာအုပ်ထဲမှာပါတဲ့
ကျောက်တုံး၊ကျောက်ခဲများလောက်ကိုသာ လေ့လာခြင်းမျိုးမဟုတ်ပဲ တကဲ့ကျောက်တုံး၊ ကျောက်ခဲများရှိရာ၊ ကျောက်တောင်များရှိရာ၊
ပြတ်ရွေ့များရှိရာ ဒေသများသို့ ကျောင်းသား၊ ကျောင်းသူများ
ကိုယ်တိုင်သွားရောက်၍ သင်ကြားလေ့လာရသော နည်းစနစ်မျိုးပါ။
ကျောက်တုံး၊ကျောက်ခဲများလောက်ကိုသာ လေ့လာခြင်းမျိုးမဟုတ်ပဲ တကဲ့ကျောက်တုံး၊ ကျောက်ခဲများရှိရာ၊ ကျောက်တောင်များရှိရာ၊
ပြတ်ရွေ့များရှိရာ ဒေသများသို့ ကျောင်းသား၊ ကျောင်းသူများ
ကိုယ်တိုင်သွားရောက်၍ သင်ကြားလေ့လာရသော နည်းစနစ်မျိုးပါ။
ဆေးကျောင်းသား၊
ဆေးကျောင်းသူးများဆိုလျှင်လည်း
ဆေးရုံကြီးများသို့ သွားရောက်၍ လူနာများကို ကိုယ်တွေ့စမ်းသပ်ခြင်း၊ ကုသပေးရခြင်း၊ ခွဲစိပ်ခြင်း စသည်များကို ပြုလုပ်စေပြီး သင်ခန်းစာကို သင်ကြားပေးခြင်းမျိုးပါ။ လက်တွေ့ကျကျ လုပ်ဆောင်ရသောကျောင်းသား၊ကျောင်းသူများသည် စာတွေ့မျှလောက်သာ သင်ယူရသော ကျောင်းသား၊ကျောင်းသူများထက် အဖက်ဖက်မှ သာလွန်နေကြောင်း သုတေသီတို့ အတည်ပြု ပြောကြားထားခြင်းပါ။
ဆေးရုံကြီးများသို့ သွားရောက်၍ လူနာများကို ကိုယ်တွေ့စမ်းသပ်ခြင်း၊ ကုသပေးရခြင်း၊ ခွဲစိပ်ခြင်း စသည်များကို ပြုလုပ်စေပြီး သင်ခန်းစာကို သင်ကြားပေးခြင်းမျိုးပါ။ လက်တွေ့ကျကျ လုပ်ဆောင်ရသောကျောင်းသား၊ကျောင်းသူများသည် စာတွေ့မျှလောက်သာ သင်ယူရသော ကျောင်းသား၊ကျောင်းသူများထက် အဖက်ဖက်မှ သာလွန်နေကြောင်း သုတေသီတို့ အတည်ပြု ပြောကြားထားခြင်းပါ။
မြန်မာနိုင်ငံတော်ကြီး
တိုးတက်လာပြီဆိုလျှင် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်အောင် ကျောင်းသား၊
ကျောင်းသူများအား လက်တွေ့ကျကျ ဘယ်လိုများ သင်ကြားပေးထား နိုင်ကြပြီလဲဆိုတာ
စိတ်ဝင်စားနေမိလို့ပါ။
မြန်မာကျောင်းသား၊ ကျောင်းသူများရဲ့ IQ မညံ့ကြောင်း
မြန်မာအများစုပြောလေ့ပြောထရှိနေဆဲပါ။ အတိုင်းအတာတစ်ခုအထိတော့ မှန်တယ်လို့
ဝန်ခံရမှာပါ။ သက်သေအထောက်အထားကတော့ နိုင်ငံခြား တက္ကသိုလ်ကြီးများသို့
သွားရောက်ပညာသင်ကြားခွင့် ရရှိကြတဲ့ကျောင်းသား၊ကျောင်းသူများဟာ ထိုထိုဤဤ
တက္ကသိုလ်ကြီးများ၌ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများနှင့်
ပညာအရည်အချင်းများ တန်းတူ လိုက်နိုင်အောင် အားထည့်ပြီး ကြိုးစားကြတဲ့အခါ
ပညာအရည်အသွေးများမြင့်မားလာပြီး၊ နိုင်ငံတကာကျောင်း သား၊
ကျောင်းသူများနှင့် ရင်ဘောင်တန်းနိုင်ကြ၍ ဒီသတင်းအတွက် ၀မ်းသာပီတိတွေ
ဖြစ်ရှိနေခြင်းပါ။
ပညာရေးကို ပြန်လည်သင်ယူကြပါ
အထက်ဖေါ်ပြပါ စနစ်တွေကတော့ နိုင်ငံတကာမှာ လက်ရှိအသုံးပြုနေဆဲဖြစ်တဲ့
ပညာရေးစနစ်များပါ။ ယခုဆွေးနွေး တင်ပြချက်များဟာ စာရေးသူ လက်လှမ်းမှီသမျှသာ
ရေးသားတင်ပြနိုင်ခြင်းပါ။ ဒီထက်မကကောင်းမွန်းတဲ့ ပညာရေးစနစ်များလည်း
ရှိကောင်းရှိနိုင်သေးတာမို့ တွေ့ရှိသူများ (သို့မဟုတ်) သိရှိထားပြီး
သူများသည်မြန်မာနိုင်ငံ၌ ပညာရေးနှင့်ပတ်သက်သော စနစ်များ၊ စံနှုန်းများ
ကောင်းမွန်လာအောင်၊မြင့်မား လားအောင်ဆောင်းပါးများရေးသားခြင်း၊
စာတန်းများရေးသား၍ နေရှင်နယ်၊ အင်တာနေရှင်နယ် ဆီမီနာများသို့ တင်သွင်း
ဖတ်ကြားခြင်းများကို ပြုလုပ်ပေးနိုင်ကြဖို့ပါ။
အစဉ်အလာရှိခဲ့သောလူမျိုး၊ အစဉ်အလာကြီးခဲ့သောလူမျိုးများ
ပညာရေးနိမ့်ကျသွားခြင်းကြောင့် တိုင်းပြည်နဲ့ လူမျိုးပါ
နိမ့်ကျသွားခဲ့ရသည့်သာဓကများကို အစဉ်နှလုံးသွင်းထားနိုင်ကြဖို့ပါ။
ပျက်တဲ့အရာကိုပြင်ရတဲ့အခါမှာ အချိန်အခါကို စောင့်ရခြင်းမျိုးဖြစ်၍
“အခုရေတွင်းတူး၊ အခုရေချိုသောက်ချင်”လို့မရပါ။ ခဏတာကောင်းလာခြင်းမျိုးကို
စာမဖွဲ့ပဲ ထာဝရကောင်းမွန်လာအောင် ၀ိုင်းဝန်းစုပေါင်း၍
ပြုပြင်နိုင်ကြဖို့ပါ။
ခေတ်ပညာများ
(ကွန်ပျူတာ၊ အင်တာနက်စသည့်ဘာသာရပ်များ)၊ အင်္ဂလိပ်စာ၊ (တရုတ်စာ)ကဲ့သို့သော
ကမ္ဘာကို ဆက်သွယ်နိုင်သော ဘာသန္တရများကို မသင်ကြား၊ မတတ်မြောက်ကြလျှင်
ရဟန်းပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ကမ္ဘအလယ်မှာ
ထီးထီးမားမားကြီး နောက်ကျကျန်နေမည်ဆိုတာ သတိမူနိုင်ကြဖို့ပါ။ အမျိုး၊ ဘာသာ။
သာသနာတော်အတွက် လူကောင်း၊ လူတော်များ ပေါ်ထွန်းလာနိုင်ဖို့ ၀ိုင်းဝန်းကူညီ
ဆောင်ရွက်နိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
0 comments:
Post a Comment